ခရစ်ယာန်စာပေ- စာရေးဆရာ T.E.Pau နှင့် စကားပြောခြင်း

စာပေအားဖြင့် အမှုတော်မြတ်ကို ထမ်းဆောင်နေသူ တဦးဖြစ်သော၊ မြန်မာနိုင်ငံ ခရစ်ယာန်စာပေလောကတွင် အခက်အခဲပေါင်း များစွာထဲမှ ရုန်းကန် လှုပ်ရှားနေသော ဘာသာပြန် ခရစ်ယာန် စာရေးဆရာ “ဆရာတီအီးပေါင်” ကို ချင်းပြည်သူများနှင့် မိတ်ဆက်ပေးနိုင်ရန်အတွက် Chin World  ( www.chinworld.info) မှ တွေ့ဆုံမေးမြန်း စကားစမြည်ပြောခွင့် ရရှိ ခဲ့ပါသည်၊ “သခင်ယေရှုနှင့် စကားပြောခြင်း” ဟူသော သူ့စာအုပ်သည် ခရစ်ယာန်အသိုင်းအ၀န်းတွင် လူကြိုက်များလှသည်၊ သူ. ကိုယ်ပိုင်ဝက်ဘ်ဆိုက်ဖြစ်သော http://tepau.info တွင်လည်း သွားရောက်လည်ပတ်လေ့လာနိုင်ပါသည်။

Chin World: : ဆရာ့ရဲ့ နာမည်ရင်း၊ မိဘတွေနဲ့မွေးရပ်ဇာတိအကြောင်းလေးကို စတင်ပြောပြပေးလို့ရမလား။
T.E Pau: : ကျွန်တော်ဟာ ခရစ်ယာန်စာပေ ကို ရူးသွပ်လို့ ကြိုးစားဆဲ ဘာသာပြန်စာရေးဆရာ တစ်ယောက်သာပါ။ ဒါပေမဲ့ ChinWorld Media က အဲဒီ ကျွန်တော့်ရဲ့ လုပ်ဆောင်မှုတွေ ကို အသိအမှတ်ပြုလို့ ဒီလိုမေးတဲ့အတွက် ၀မ်းသာစွာနှင့် ဖြေရမှာပေါ့လေ။
နာမည်အရင်း ကတော့ “ထောင်းအင်းပေါင်”  ပါ။ ချင်းလိုတော့ ဒီလို Thawng En Pau  လို့ရေး ရပါတယ်။ စာရေးဆရာ ကြီး C.S.Lewis က သူ့နာမည်ရင်း Clive
Staples Lewis ကို ချိုးပြီး ကလောင် နာမည် အဖြစ် လုပ်တာ တွေ့တော့ အားကျမိတယ်.. ဒီတော့ Thawng En Pau ကို T.E.Pau လုပ်ကြည့်တာပါ.. ဗမာလို ရေးတော့တီအီးပေါင် ဖြစ် သွားတာပေါ့နော် .. အဖေကတော့ ဦးဟောက်လျန်းခိုင်၊ Pa Hau Lian Khai ၊ အမေကတော့ ဒေါ်ကျင်းဒိုးညောင် Nu Ciin Do Niang တို့ပါပဲ။ ကျွန်တော် မွေးတာကတော့ ချင်းပြည်နယ် တီးတိန်မြို့ မှာပါ။

Chin World: : ပညာရေးနဲ့ ပတ်သက်ပြီး ဆရာ့ရဲ့ ဖြတ်သန်းမှုကိုလည်း သိပါရစေ။
T.E Pau: : ပညာရေးတော့ သိပ်မမြင့်ဘူးပေါ့လေ။ တီးတိန် အထက(၁) က နေ အထက်တန်းအောင်ပြီး ကျွန်တော် ရန်ကုန်ပြောင်းပါတယ် .. အဲဒီမှာ ကျွန်တော့် ကို
ကျမ်းစာကျောင်းပို့တော့ အင်းစိန် ကျမ်းစာကျောင်းကုန်း က ..ဗမာကျောင်းလို့ခေါ်တဲ့ Myanma Institute of Christian Theology မှာ ၁၉၉၉ ခုနှစ် မှာ စ တက်ပါတယ်။ Bachelor of Theology အစီအစဉ် မှာ တက်ပါတယ်။ ၂၀၀၃ မှာ ဘွဲ့ရပြီး..အဲဒီကနေ စာပေနယ်ပယ်ထဲ ရောက်ခဲ့ တယ်.. စာပေအားဖြင့် အမှုတော်ဆောင်ဘ၀ ရောက်သွားတာပေါ့။ ဒီ secular education ကျတော့ University of Monywa မှာ ဥပဒေဘာသာရပ် အထူးပြုနှင့် တတိယနှစ် မှာ တူးလူးတန်းလန်း နေဆဲ ဗျ.. ဆက်မဖြေဖြစ်တော့ဘူးလေ။

Chin World: : ဆရာ့ရဲ့ စာရေးသားမှုပုံစံအပေါ် ကိုယ့်ကိုယ်ကို ဘယ်လိုပုံဖော်ပါသလဲ။ အင်္ဂလိပ်လိုဆိုရင်တော့ How would you describe your writing?
T.E Pau: : စာရေးသားမှု ပုံစံ ကျတော့ ထွေထွေထူးထူး ပြောဖို့ မရှိလောက်ဘူးထင်တယ်.. ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် က ဘာသာပြန်တာပဲ များတယ်လေ။ ဒါပေမယ့် ဘာသာပြန်ရာမှာတော့ ကျွန်တော်ကြိုက်တဲ့ စတိုင်လ်..စကားပြောပုံစံ နှင့် ပဲ ရေးသားပြန်ဆိုလေ့ ရှိပါတယ်.. စာဖတ်တဲ့အခါမှာ စာဖတ်သူတွေ ရင်ထဲ တန်းရောက်တာမျိုး ဖြစ်စေ ချင်တာပဲလေ။

Chin World: : ဆရာ့ရဲ့ ဦးတည်တဲ့ စာဖတ်ပရိတ်သတ်တွေက ဘယ်သူတွေလဲ။
T.E Pau: : ဒီနေ့အထိတော့ .. ကျွှန်တော် ရေးသားထုတ်ဝေတဲ့ စာအုပ်အများစုဟာ.. ခရစ်ယာန်စာပေ၊ ခရစ်ယာန် စာဖတ်သူတွေပါပဲ။ ထပ်ခွဲခြမ်းရင်တော့ ခရစ်ယာန်
လူငယ်လို့လည်း ပြောရ မယ် ထင် ပါ တယ်။ လူငယ်တွေအတွက် စာ တချို့ရေးထားတယ်လေ။

Chin World: : စာရေးဆရာတယောက်အနေနဲ့ ဆရာ့ရဲ့ အဓိက  concerns က ဘာများလဲ။
T.E Pau: : စာရေးဆရာတယောက်အနေနဲ့ အဓိက  concerns ကတော့ .. ကျွန်တော်တို့ ပြန်ဆိုရေးသားချက်တွေကို ဖတ်ရှုပြီး.. စိတ်ကျေနပ်မှု၊ ခွန်အားရမယ်.. ပြီးတော့ အမှားကိုမြင်ပြီး.. ပြင်သွား မယ် .. အဲဒါကတော့ မြင်ချင်တဲ့ရလဒ် ပေါ့လေ။

Chin World: : ဆရာနေ့တိုင်းစာရေးလား။
T.E Pau: : နေ့တိုင်း စာ မရေးနိုင်သေးပါဘူး ..ကြိုးစားရပါမယ်.. ဟိုအရေး.. ဒီအရေးတွေနှင့် နေ့တိုင်း စာမရေးနိုင်သေးတော့ ရှက်မိပါတယ် .. စာရေးဖို့ဖီလင် (inspiration) မရတော့ နေ့တိုင်းမရေးဘူးလို့ ကိုယ့်ကိုယ်ကို ညာနေတယ်.. တကယ်တော့ Professional စာရေးဆရာ တစ်ယောက် ဖြစ်ဖို့ inspiration ဆိုတဲ့ ဈာန်ဝင်စားမှု ကိုစောင့်လို့ မဖြစ်ဘူးတဲ့။..  စာရေးဆရာ တစ်ယောက် မှာ ဈာန်ဝင်စားမှု (Inspiration)က ၁၀% ပဲ လိုပြီး.. ကြိုးစားအားထုတ်မှု (Perspiration) က ၉၀% လို သတဲ့ ဗျာ.. ကျွန်တော်နေ့တိုင်း ရေးနိုင်အောင် ကြိုးစားပါ့မယ်။

Chin World: : ဘယ်စာရေးဆရာတွေက ဆရာ့ကို အဓိက လွှမ်းမိုး (အဆိုတော်မဟုတ် ဟဲဟဲ) ပါသလဲ။
T.E Pau: : ကျွန်တော့ အပေါ် လွမ်းမိုးတဲ့ စာရေးဆရာတွေ တော့ များမှာပေါ့နော်.. အထူးသဖြင့်တော့ .. ဘာသာပြန်ဆရာ ကျော်လှိုင်ဦးပါ ပဲ။ Uncle Tom’s Cabin ကို သူဘာသာပြန်တာ ကျွန်တော် ငယ်ငယ်က ဖတ်ခဲ့တော့ .. အဲဒီမှာ ဘာသာပြန်တွေ ပို ကြိုက် နှစ်သက် လာတယ်… ကျွန်တော့်ရဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေကို ပုံဖော်ရေးသားထားတဲ့ စာတွေနည်းနည်း ရှိပါတယ်..

Chin World: : ဆရာ့ရဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေကို ပုံဖော်ရေးသားထားတဲ့ စာတွေကော ရှိသလား။
T.E Pau: : ကျမ်းစာကျောင်းတက်တုန်း က ကိုယ်ပိုင်ခံစားချက်တွေ နည်းနည်းရေးတယ်လေ.. အဲဒီတုန်းက ကျတော့ . writing style  က Allegoryတွေ..များတာပေါ့ ။ မကြာခင်မှာ ကျွန်တော့် ဆိုဒ်မှာတင်ဖို့ရှိပါတယ်..

Chin World: : ဘယ်အချိန်၊ ဘယ်နှစ်ခုနှစ်မှာ စာ စာရေးပါသလဲ။ သူငယ်တန်းမှာ “ဝ”လုံးစရေးတာတော့ မဟုတ်ဘူးနော်။ ဟဲဟဲ။
T.E Pau: : အင်း..စာစရေးတာတော့ .. ၂၀၀၀ ခုနှစ် ပါ ..ကျမ်းစာ ကျောင်း နံရံကပ် ရယ်.. ချင်းကျမ်းစာကျောင်းသားတွေ ထုတ်တဲ့ မဂဇင်းတွေ မှာ ပေါ့။

Chin World: : ဒီခရစ်ယာန် စာပေလောကကို ဆရာ့ကို ဝင်ရောက်ဖို့ အားပေးသူ၊ ဒါမှမဟုတ် စေ့ဆော်သူပေါ့လေ- အဲဒါမျိုးရှိပါသလား။
T.E Pau: : ခရစ်ယာန်စာပေထဲဝင်ဖို့ အဓိက အားပေးသူမှာ ကျွန်တော့်ရဲ့ လုပ်ဖေါ်ဆောင်ဘက် .. နှင့် ကျောင်းနေဘက် သူငယ်ချင်း ထန်နိုး(အိပ်မက်သစ်)ရယ်..  အောင်အောင်(အိပ်မက်သစ်)..  ဒီနှစ်ယောက်ပါပဲ…ပြီးတော့ ကျွန်တော့်ကို စာပေလောကသားတွေ နှင့် လိုက်မိတ်ဆက်ပေးတဲ့ ခင်ဗျားရဲ့အဖေ.. စာရေးဆရာရမ်လိန်မှုန်း ပေါ့ ဗျာ။

Chin World: : စာရေးဆရာတယောက်ဖြစ်ရခြင်းရဲ့ ဂုဏ်ယူဖွယ်ရာကောင်းတယ်လို့ မြင်တဲ့အရာက ဘာပါလဲ။  စာရေးဆရာတယောက်ရဲ့ အရသာ ဆိုတဲ့အပေါ်မှာကော-။
T.E Pau: : စာရေးဆရာတယောက်ဖြစ်ရခြင်းရဲ့ ဂုဏ်ယူဖွယ်ရာကောင်းမှု နှင့် စာရေးဆရာတယောက်ရဲ့ အရသာ ဆိုပြီး ကိုယ် ခံယူတာက တော့ ဗျာ…ကိုယ့်စာတွေ ဟာ အများပြည်သူ ပျော်၇ွှင်ကြည်နူးဖို့၊ခွန်အားယူဖို့၊အမြင်မှန်ရဖို့.. အသုံးတော်ခံနေတယ်ဆို တာ သိလိုက်ရ လို့  ဂုဏ်ယူပြီး ပီတိဖြာတာပေါ့ဗျာ။

Chin World: : စာရေးဆရာတယောက်အနေနဲ့ ဆရာကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေက ဘာများလဲ။
T.E Pau: : စာရေးဆရာတယောက်အနေနဲ့ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကလား.. များတာပေါ့.. စာရေးမယ်ဆိုတော့ အားပေး မှု နည်းတယ် လေ.. ငွေကြေးအားပေးမှု မပြောနဲ့ ..စိတ်ပိုင်းဆိုင်ရာ အားပေးမှုတောင် မရဘူး … ကိုယ့်စာအုပ်တွေတောင်.. အားမပေးချင်ကြဘူးဗျာ (အထူးသဖြင့် တို့ချင်းတွေ).. ခင်ဗျားစာအုပ်ကောင်းတယ်ကွာ .. လက်ဆောင်ပေးပါဦးလို့ ဆိုကြတယ်.. တကယ်တော့ အဲဒီစာအုပ် တစ်အုပ်ထုတ်နိုင်ဖို့ငွေတွေ ရင်းရတာပဲ။ ပြီးတော့.. စာအုပ်ထုတ်တာ ဟာ သာသနာအတွက်လို့ မခံယူနိုင်သေးတော့ ခက်တယ်။ ဘုရားကျောင်းမှာ ပွဲတစ်ခုခု လုပ်ဖို့ သိန်း ဘယ်လောက်ကုန်ကုန်လုပ်၇ဲတယ်.. စာပေ အတွက်ဆို.. မမြတ်ဘူး တဲ့လေ။

Chin World: : ဆရာ့အနေနဲ့ စာအုပ် ဘယ်နှစ်အုပ် ထုတ်ဝေပြီးပြီလဲ။ စာအုပ်တွေရဲ့ အမည်တွေကိုလည်း ပြောပြပါဦး။
T.E Pau: : ကျွန်တော့် ဘာသာပြန်ထုတ်ဝေပြီးသား စာအုပ်တွေကတော့
1.Love and Marriage  by Bruce and Carol Britten  နာကျင်မှုနှင့်ဘ၀ရဲ့အဖြေ
2.Answers for Your Marriage by Bruce and Carol Britten လက်ထပ်ထိမ်းမြားပြီးနောက်
3.Love is a Feeling to be Learned by Walter Trobisch      အချစ်ဆိုသည်မှာ
4. A reporter’s Interview with Jesus by Benton Rain Patterson သခင်ယေရှုနှင့်အင်တာဗျူး
5. Answers to Life’s Toughest Questions by Rick Warren  နာကျင်မှုနှင့်ဘ၀ရဲ့အဖြေ
6.The Purpose of Christmas by Rick Warren. ခရစ်စမတ်ရဲ့ အနှစ်သာရ
…ဒီခြောက်အုပ် ပါပဲ။

Chin World: : နောက် အခုလောလောဆယ် ထပ်မံထုတ်ဝေဖို့ စီစဉ်ထားတဲ့ စာအုပ်တွေကော— အဲဒီစာအုပ်တွေရဲ့ အကြောင်းကိုလည်း ပြောပြပါဦး။
T.E Pau: : ဆက်လက်ဘာသာပြန်နေဆဲ..နှင့် ပြန်ချင်တဲ့ စာ အုပ်တွေ ကတော့
1.Just Like Jesus  by Max Lucado
2. Your Best Life Now by Joel Osteen
3.Before You get Engaged by David Gudgel
4. The Hole in Our Gospel by Richard Stearn
5. The Power To Chang Your Life by Rick Warren
ဒီစာအုပ်တွေ..ဘာသာပြန်ထုတ်ဝေချင်တယ် ( ပိုက်ဆံကတော့ မရှိဘူး..ကူညီပါဦး ထန်ပီးရေ)
ဒီစာအုပ်တွေ ထဲ က နံပါတ်၎..The Hole in Our Gospel ဆိုတဲ့ စာအုပ်က ..၂၀၁၀ခုနှစ် အကောင်းဆုံး ခရစ်ယာန်စာအုပ်ဆု ရထားတယ်..စာရေးသူကတော့..World
Visionရဲ့ လက်ရှိ president, Richard Stearns ပေါ့..ခရစ်ယာန်တွေရဲ့ သာသနာပြုခြင်းမှာ လူမှုရေးလည်း လိုအပ်ကြောင်းတွေဆွေးနွေးထားတယ်.. ဖတ်ပျော်ပြီး.. အနှစ်သာ၇ ရှိတယ်ဗျ။

Chin World: : ဆောင်းပါး၊ ဝတ္တုတွေ စုစုပေါင်း ဘယ်နှစ်ပုဒ်လောက် ရေးသားပြီးပြီလဲ။
T.E Pau: : ကျွန်တော်ရေးတဲ့ ဆောင်းပါး၊ ဝတ္တု တွေ နည်းပါတယ်.. လက်ချိုးရေလို့တောင် ရမလားပဲ.. လုံးချင်းပဲ အာရုံစိုက်မိလို့ထင်တယ်။

Chin World: : ယနေ့ မြန်မာနိုင်ငံရဲ့ ခရစ်ယာန်စာပေလောက အပေါ် ဆရာ့ရဲ့ အမြင်ကိုလည်း သိပါရစေ။
T.E Pau: : ယနေ့ မြန်မာနိုင်ငံရဲ့ ခရစ်ယာန်စာပေလောက အပေါ် ကျွန်တော့်ရဲ့ အမြင်ဆိုတော့.. အင်း.. ခရစ်ယာန် စာေ၇းသူတွေ ပိုင်းမှာတော့ တတ်စွမ်းသလောက်ကြိုး စားလျက်ပါပဲ။ဘေးကနေ ကြည့်ရင်တော့ အားမ၇တာတွေ များမှာပါ။ စာပေတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့က .. စီးပွားရေး အဆောက်အအုံကြီးလဲငြိမ်သက်နေဖို့ လိုပါ လိမ့်မယ်။ ထုတ်ဝေသူ၊ စာရေးသူ၊ ဖြန့်သူနှင့်စာဖတ်သူ အားလုံး အဆင်ပြေမှ ခရစ်ယာန်စာပေ  တိုးတက်ပါလိမ့်မယ်။ အပြန်အလှန် တန်ဖိုးထားတတ် ဖို့လည်း လိုတာပေါ့။အသင်းတော်ကိုယ်တိုင် က ခရစ်ယာန်စာပေကို အားပေးဖို့ လိုပါသေးတယ်.. ဘုရားကျောင်းမှာ.. ဘာနေ့၊ ညာနေ့ ကျင်းပပေမဲ့ခရစ်ယာန်စာပေနေ့ ..သိပ်မလုပ်ကြသေးဘူးလေ. . နောက်ပြီး..ကောင်းသလား၊ဆိုးသလားမပြောတတ်ဘူး..နိုင်ငံခြားကနေ စာအုပ်ဘာသာပြန်ခိုင်းတာ.. ဒီမှာ..ပြီးရင်ပြီးရော နှင့်.. ဘာသာပြန်တွေထွက်တာ များလွန်းတယ်..  စာပေမြတ် နိုးမှုမပါဘဲ.. အလုပ်သဘောဆောင်၊ စီးပွားဆန်တဲ့.. စာအုပ်တွေ များလာတယ် … စက္ကူသာကောင်းပြီး ..စာညံ့နေတယ်။

Chin World: : ခရစ်ယာန်စာပေလောကမှာ- ဆရာ့အပြင် တခြား ချင်းလူမျိုး ဘယ်သူတွေကော လှုပ်ရှားနေကြသလဲ။
T.E Pau: : ခရစ်ယာန်စာပေလောကမှာ- ချင်းစာရေးဆရာ ဆိုရင် ကျွန်တော်တို့ အိပ်မက်သစ်အုပ်စု (ကျွန်တော်၊ အောင်အောင်၊ ထန်နိုးနှင့် မုန်ပီး(စီးတီး) )ရှိပါတယ်။
ပြီးတော့ ဆလိုင်းအောင်နိုင်(အမ်းနှစ်ခြင်းအသင်းတော်)၊ တွာလ်ခဲင်းမာန်၊ မြကဗျာ။ တခြားလဲရှိပါလိမ့်မယ်။

Chin World: : ဆရာ့ရဲ့ စာအုပ်တအုပ်ဖြစ်တဲ့ “နာကျင်မှုနှင့်ဘ၀ရဲ့အဖြေ”  ဆိုတဲ့ စာအုပ်အကြောင်းထဲက ဘာများခွန်အားပြန်ဝေငှချင်တာရှိပါသလဲ။
T.E Pau: : ဟုတ်ကဲ့၊ကျွန်တော်ဘာသာပြန်ခဲ့တဲ့ “နာကျင်မှုနှင့်ဘ၀ရဲ့အဖြေ”  ဆိုတဲ့စာအုပ်က အမှတ်ရစရာ ခွန်အားရ စရာများပါတယ်။မူရင်းစာရေးသူက Rick Warren ဆိုတော့ လူအတော်များများ သိကြတယ်လေ။ကျွန်တော် က တော့ သူစာအုပ်တွေ ထဲမှာ ဒီတစ်အုပ် အကြိုက်ဆုံးပဲ။ ကျွန်တော်ကိုယ်တိုင် နိုင်ငံခြားမှာနေ.. ကျောင်းတက်တဲ့အခါ.. မိဝေး၊ဖဝေး၊အားလုံးနှင့်ဝေးတော့ အထီးကျန် ခံစားမှုတွေ ၀င်လာတယ်..အားငယ်လာတယ်၊တခါတခါ စိတ်ဓါတ်တွေ ကျလာတယ်။ အဲဒီမှာ Rick Warren ရဲ့  Answers to Life’s Toughest Questions စာအုပ်တွေ့တော့ ၀ယ်ဖတ်တယ်။ ခွန်အားအရမ်းရတာနှင့်.. မနေနိုင်တော့ဘူး.. ကိုယ့်စာဖတ်ပရိသတ် ဖတ်လို့ရအောင် .. ဆိုပြီး ဘာသာပြန် ခဲ့ တာ ပါ။ Rick Warren က ကျမ်းစာထဲ ကလူတွေ၇ဲ့ ခက်ခဲမှုတွေ ကို ကျွန်တော်တို့ ဘ၀နှင့် ယှဉ်ကြည့်တယ်..  အားပေးခဲ့တယ်.. တခြားလူ မပြောနှင့် .. သခင်ယေရှု တောင် စိတ်ဓါတ် ကျ ခဲ့တာတဲ့ဗျာ။  ဒါပေမယ့်..ဘုရားသခင်က ကျွန်တော်တို့တွေကို အောင်မြင်စေချင်ပြီး.. ကြုံတွေ့ခဲ့တဲ့ ခက်ခဲမှုတွေဟာလဲ.. အောင်မြင်မှုအတွက် ခြေလှမ်းတွေ ဖြစ်တတ်တယ် လို့ အားပေး ထားပါ တယ်။ ကျွန်တော် ဘာသာပြန်ပြီးလို့ စာဖတ်သူ အတော်များများကလဲ..ခွန်အားရတဲ့အကြောင်း စာရေး ကြပါတယ်။ ေ

နာက် တစ်အုပ်က “လက်ထပ်ထိမ်းမြားပြီးနောက်- Answers for Your Marriage’’ ဒီစာအုပ် က လင်မယားတွေ အတွက် အတော် ကောင်းတယ်။ ဒီစာအုပ်ဖတ်ပြီး ကျွန်မတို့အိမ်ထောင်ရေး အဆင်ပြေသွားတယ်ဆရာ လို့ အိမ်ထောင်သည် အတော်များများ က လာပြောကြ ပါတယ်။

Chin World: : စာပေဟောပြောပွဲတွေ ဘယ်နှစ်ပွဲလောက် ပါဝင်ဟောပြောခွင့် ရခဲ့ပါသလဲ။ အဲဒါတွေနဲ့ ပတ်သက်လို့ ပြောပြပါဦး။
T.E Pau: : စာပေဟောပြောပွဲတွေ တော်တော် များများ မှာ ပါဝင်ဟောပြောခွင့် ရခဲ့ပါတယ်။ အထူးသဖြင့်တော့ အသင်းတော်တွေရဲ့လူငယ်အစီအစဉ်တွေမှာပေါ့နော်။
နယ်တွေမှာတော့ လူငယ်သင်တန်းတွေပေးတာ များပါတယ်။

Chin World: : မြန်မာနိုင်ငံက စာရေးဆရာတွေထဲမှာ- ဆရာသဘောကျ-အားကျတဲ့ စာရေးဆရာတွေက ဘယ်သူတွေလဲ။
T.E Pau: : မြန်မာနိုင်ငံက စာရေးဆရာတွေထဲမှာ- ကျွန်တော်သဘောကျ-အားကျတဲ့ စာရေးဆရာတွေက ဘယ်သူတွေလဲ ဆို တော့.. အများကြီးပဲ။ အထူးသဖြင့်

ဘာသာပြန်ဆရာတွေ ပေါ့နော်။ သူတို့ အတော်ပြန်နိုင်ကြတယ်။

Chin World: : ဆရာ့ရဲ့ ရင်ထဲမှာ အကျန်ဆုံး၊ အစွဲထင်ဖြစ်ဆုံး စာတွေအကြောင်းကိုလည်း ပြောပြပါဦး၊ ဘာတွေကြောင့်လဲ။
T.E Pau: : ကျွန်တော့်ရဲ့ ရင်ထဲမှာ အကျန်ဆုံး၊ အစွဲထင်ဖြစ်ဆုံး စာတွေဆို တော့.. စောစောက ပြောတဲ့အတိုင်း..ကျော်လှိုင်ဦး ဘာသာပြန်တဲ့ ဦးလေးတွမ်(Uncle
Tom’s Cabin)ကတော့ ငယ်ကတည်းက ခုထိမေ့မရတဲ့ စာအုပ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကျွန်စံနစ် တိုက်ခိုက် တဲ့စာဖြစ်ပြီး မူရင်းစာရေးသူရဲ့ ရေးသားမှုကောင်းတာနှင့်
ဘာသာပြန်ကောင်း တော့စွဲသွားတာပေါ့။ နောက် တစ်ခု က အမေရိကားရောက်လေဗနွန်နိုင်ငံသား  စာရေးဆရာ  Kahlil Gibran ရဲ့ Ask not what your country can do for you but what can you do for your country? ဆိုတဲ့ စကားလုံတွေပါ။ ဘုရားအမှုတော်ဆောင်ရာမှာ၊ ကိုယ့်လူမျိုးအတွက် လုပ်တဲ့အခါမှာ.. ငါဘာရမလဲ မေးလို့ မရတော့ဘူး..ငါ ဘာကိုပေးရမလဲ လို့ ပဲမေးရတော့ မယ်။ နောက် တစ်ခု ကတော့   ဆရာ ရမ်လိန်မှုန်း ရဲ့..မိုင်မိုင် မန်းထာ။ ကျွန်တော်လဲ မိုင်မိုင်လို ပဲ မန်းထာ လို့အပြီးမဆိုနိုင်ဘူးလေ။ မိုင်မိုင်လို ပဲ ချင်းတောင်တန်းတွေကြားမှာ နေ ချင်တယ်။ ဘယ်တော့လဲတော့မသိဘူးနော် ပြီးရင် စိတ်ထဲစွဲထင်နေတာက.. ကျွန်တော်ချစ်သောသူ.. ရေးချန်ခဲ့တဲ့.. ကဗျာတစ်ပုဒ်… “က်ာဖီသောက်တိုင်း” တဲ့။

Chin World: : ကဗျာနဲ့ ပတ်သက်လို့ကော ဆရာဘယ်လိုမြင်ပါသလဲ။ ဆရာကိုယ်တိုင်ကော ဘယ်နှစ်ပုဒ်လောက် ရေးပြီးပြီလဲ။
T.E Pau: : ကဗျာနှင့်ပတ်သက်လို့ ကျွန်တော့်အမြင်တော့ ထွေထွေထူးထူး မရှိပါဘူး။ ကဗျာခံစားမှု အားနည်းတယ်လို့ဝန်ခံချင်တယ်။ ကဗျာတော့.. ကျမ်းစာကျောင်းတက်တုန်းက

English လို တစ်ပုဒ်ပဲရေးခဲ့တယ်.. မှန်မမှန်တော့ မပြောတတ်ဘူး..လေ။

Chin World: : ၂၁ ရာစု ချင်းလူမျိုးတွေရဲ့ အနေအထားအပေါ်မှာကော ဘယ်လိုသုံးသပ်ပါသလဲ။
T.E Pau: : ၂၁ ရာစု ချင်းလူမျိုးတွေရဲ့ အနေအထားအပေါ်မှာ သုံးသပ်ဖို့ ကျွန်တော်မသင့်သေးပါဘူး။ ဒါပေမယ့် ကျွန်တော် တို့ ချင်းတွေ အခု ရင်ဆိုင်နေတာက
..migration. မကောင်းဘူးဆိုပြီး ဝေဖန် သူတွေလည်း  များတာပဲ။ချင်းမဂဇင်းမှာ ကျွန်တော်ရေးခဲ့ တဲ့ “ဘုတ်ငှက်တို့ ပျံခြင်း၊မပြန်ခြင်း” အက်ဆေး က ကျွန်တော့် သဘောထား ပါ ပဲ.. ကျွန်တော် အမှုတော်ဆောင် တစ်ဦး အနေနှင့်မြင်နေရ တာ က ..အသင်းတော်မှာ လူငယ်တွေနည်းလာတယ်..၀မ်းနည်းတာပေါ့။ ဒါပေမယ့် ရုရှ စာရေးဆရာ တစ်ယောက် အမေရိကား ကိုထွက်ပြီး အခြေချတယ်..အောင်မြင်တဲ့စာရေးဆရာ ဖြစ်လာတော့.. သတင်းသမားတွေက သူ့ကို မေးကြတယ်။ ခင်ဗျား အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်က ဘာလဲ လို့ မေးတော့… ရုရှကနေပင်လယ်၊ သမုသရာဖြတ်ပြီး ခင်ဗျားတို့ ဆီကို လာလို့ အောင်မြင်တာ။ မဟုတ်ရင် ရုရှ မှာ ကွန်မြူနစ်တွေက ကျွန်တော့်ကို သတ်မှာ တဲ့။ ကျွန်တော်ကတော့ နိုင်ငံခြား သွားမယ့် ကျွန်တော့်အသင်းတော်က လူငယ်တွေ ကို ဒီအကြောင်းနှင့် နှုတ်ဆက်ခဲ့တယ်လေ။

Chin World: : စာရေးဆရာဖြစ်ဖို့အတွက် စိတ်ကူးယဉ်နေကြတဲ့ လူငယ်တွေကိုကော ဘာများ အားပေးတိုက်တွန်းလိုပါသလဲ။
T.E Pau: : စာရေးဆရာဖြစ်ဖို့အတွက် စိတ်ကူးယဉ်နေကြတဲ့ လူငယ်တွေ အားပေးတိုက်တွန်းလိုတာက တော့ ..တကယ်ရေးမယ်ဆို၇င် သေချာ လေ့လာဖို့ပါပဲ။ စာပေနှင့် အသက်မွေးဝမ်းဖို့တော့ မြန်မာပြည်မှာ မလွယ်သေးတဲ့အတွက်..ရွေးချယ်မှုကိုသေချာစိစစ်ဖို့လိုပါ။စာပေေ၇းသားခြင်းမှာ ကိုယ်တကယ် မွေ့လျော်သလားဆိုတာ အေ၇းကြီးပါတယ်။ေ၇းမယ်ဆိုရင်တော့..  တကယ်ရေးဖို့ပါပဲ။ ခက်ခဲပေမယ့် ၀ါသနာပါရင် ပျော်စရာကြီးလေ။

Chin World: : ဆရာ့ကို ဆက်သွယ်ချင်တဲ့သူတွေအတွက်—-
T.E Pau: : ကျွန်တော့် ကိုဆက်သွယ်လို ရင်တော့ ..
T E Pau
633, KhawaiChan 1st street, West Gyogone,
Insein, Yangon 11011
Myanmar
Phone: 01-641983
Website : www.tepau.info
Email: thawngen@gmail.com  ပါ…ခုလိုမေးတဲ့ ChinWorld Media  ကို
ကျေးဇူးတင်ပါတယ်။အနယ်နယ် အရပ်ရပ်က ကျွန်တော့် စာဖတ်ပရိသတ် ကိုလဲ ဒီကနေ ပဲ
နှုတ်ဆက်ပါတယ် ဗျာ…..

You can leave a response, or trackback from your own site.

Leave a Reply